ရင်ခြွေမိုး

Posted by moechitthu on Mar 17, 2008

ဆူးတွေက အထပ်ထပ်စိုက်
နှလုံးသားက နွမ်းဖတ်လှပြီ
စကားတွေက မညီညာခဲ့
ချစ်တယ်ဆိုတာ မှန်ပါ့မလား … ရယ်

ရင်ခွင်တစ်ခုလုံး ထစ်ချုန်းနေခဲ့
အထပ်ထပ်ပြိုတော့မယ့် မိုးလို
ငါ့ရင်တခုလုံး ညို့ဆိုင်း အုံ့မိုင်းနေခဲ့
ဘယ်ချိန်ရွာချမယ်မှန်း မသိလိုက်ခင်
ငါ့ရင်ကိုမုန်တိုင်းလို့ခြွေခဲ့တယ် …


၃၁ဆုတောင်း

Posted by moechitthu on Jan 3, 2008


ပျော်ရွှင်သောနှစ်သစ်ဖြစ်ပါစေ
အခါခါဆုတောင်းဖူးတယ်
ဆုတောင်းတွေရောပြည့်ခဲ့ဖူးလား
အမှန်တကယ်ပျော်ရွှင်ခဲ့လား
ပြန်တွေးကြည့်တော့ အသိတရားကေ၀၀ါးနေတယ်
မသေမချင်းတော့ ဖြတ်သန်းနေဆဲ သက္ကရာဇ်တွေ
လက်တွေတောင်အလီလီချိုးတာ ဒီ တနှစ်ဆို ၂၄ ရှိပြီ
ငါဘာတွေပိုင်ဆိုင်ခဲ့ဖူးလဲ ဘာတွေတပ်မက်ခဲ့ဖူးလဲ
ပြန်တွေးကြည့်တော့ မရေရာမသေချာ
ဟိုမှာဘက်ကကမ်းအလွန်မှာ ငါ့စိတ်ကိုငါပြန်ရေးတဲ့
ကဗျာတွေတော့ရှိခဲ့ဖူးတယ်

ဒီနှစ်က၂၀၀၈ ……….
အရင်လိုပဲ ၁၂ လပါတုန်းပဲ
ပြက္ခဒိန်ရဲ့ နေ့စွဲတွေမှာ နိုင်ငံတော်ရဲ့နေ့ထူးနေ့မြတ်တွေ
ခွင့်ပြုချက်နဲ့အညီရေးခြစ်ကြတယ်
ရင်ထဲက နေ့ထူးနေ့မြတ်တွေတော့
ရင်ထဲကပြက္ခဒိန်မှာ ငါ့ခွင့်ပြုမိန့်နဲ့ငါရေးခြစ်ထားတယ်
ဒီဇင်ဘာ၃၁မှာနှစ်တနှစ်ကူးတယ် လူတိုင်းပျော်ရွှင်ကျတယ်
အဟောင်းတွေကိုစွန့်ပစ်ထားခဲ့တော
့အသစ်တွေကနောင်တနှစ်ကျရင် အဟောင်းပြန်ဖြစ်မယ်
မပြောင်းသေးတဲ့အဟောင်းတွေကြားပြောင်းလဲမှုကိုတမ်းတမိတော့
ငါ့အခန်းငယ်ကပိုမှောင်သွားရတယ်
ဘာပဲဖြစ်ဖြစ် ၂၀၀၈ မှာ ကလေးသူငယ်တိုင်းကျောင်းနေရစေချင်တယ်
ဘာပဲဖြစ်ဖြစ် ၂၀၀၈မှာ မြန်မာပြည်ကြီးသာယာစေချင်တယ်
ဘာပဲဖြစ်ဖြစ် ၂၀၀၈မှာ မျက်ရည်တွေနဲ့ဝေးနေချင်တယ်
ဘာပဲဖြစ်ဖြစ် ၂၀၀၈မှာ ……………………..………


မယမင်း TAG ထားတဲ့ ဖြတ်သန်းခဲ့ဖူးသော ဒီဇင်ဘာ၃၁ ညများ အကြောင်းပါ။ မယမင်းကျေနပ်မယ်လို့ မျှော်လင့်ပါတယ်နော်။

မနိုးတဲ့အိပ်မက် ဆောင်းအိပ်မက်

Posted by moechitthu on Jan 3, 2008

ဟေမာန်ဆောင်းကိုရောက်ပြန်ပြီ
လက်တစုံကသိပ်မအေးပေမယ့်
င့ါရင်ထဲတော့ဆီးနှင်းတွေအထပ်ထပ်ကျခဲ့ဖူးတယ်
အဖေလို့တိုးတိုးလေးရေရွတ်လိုက်တော့
နှင်းမုန်တိုင်းကပိုသည်းခဲ့တယ်
တစိမ့်စိမ့်ကြည့်ခဲဖူးတဲ့ မွေးနေ့အမှတ်တယပို့စ်ကဒ်လေးတွေ
ရက်စွဲတွေကတော်တော်ဟောင်းနေပြီ
ဝတ်ဆင်လို့မရတော့တဲ့ကလေးအနွေးအကျီလေးတွေ
ငါ့ရင်ကိုနွေးနေဆဲလား မသိချင်တော့ဘူး

အဖေဆိုတာအကြိမ်ကြိမ် ဖြည့်ခဲ့ဖူးတဲ့လျောက်လွှာစာရွက်တွေပေါ်က
အဘအမည်ဆိုတဲ့နေရာတခုကလွဲလို့
ငါ့ဘ၀မှာနေရာမရှိခဲ့တာသူပဲမ၀င်ခဲ့လို့လား
ငါပဲထုတ်ထားခဲ့လို့လားအဖြေကိုငါမသိချင်ဖူး
ဘာမှမပြောင်းလဲတော့တဲ့အရာတွေအတွက်
အဖြေဆိုတာအပိုဖြစ်ခဲ့ပြီ

၂၀၀၇ ဒီဇင်ဘာမှာ အဓိပတိလမ်းမထက်
ငါ့လက်ကိုဆုပ်ကိုင်မယ့်လက်တစုံနဲ့
ငါ့နံဘေးမှာအပြုံးတွေနဲ့တည်ရှိနေမယ့်
အရိပ်လေးတခုကိုတော့ တိုးတိုးတိတ်တိတ်တမ်းတခဲ့တယ်
ဒါဟာအိပ်မက်တွေထဲကနောက်အိပ်မက်အသစ်တခု
နောက်ဆုံးဒီဇင်ဘာရဲ့မနိုးထခဲ့တဲ့ဆောင်းအိပ်မက်
ငါ့ရဲ့မနိုးတဲ့အိပ်မက် ဆောင်းအိပ်မက်……………………….


မောင်ငယ်လေး မောင်မျိုး TAG ထားတဲ့ ဆောင်းအိပ်မက် အကြောင်းလေးပါ။ အချိန်ကြာမြင့်ပြီးမှ ကဗျာလေး ပဲ ရေးဖြစ်ခဲ့တဲ့ မိုးချစ်သူကို နားလည်ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။

သူငယ်ချင်း အတွက်

Posted by moechitthu on Dec 13, 2007

သူငယ်ချင်း . . .
ငါမမြင်နိုင်ပေမယ့် မင်းအမြဲပြုံးနေပါ
ဘဝဆိုတာက မတူညီခြင်းတွေမှာ သံသရာလည်တယ်
နွေလွန်ရင်မိုး နောက်ထပ်ပြောင်းတော့ ဆောင်းပေါ့
ဟိုး . . . တစ်နှစ်က မိုးတွေခေါင်တယ်

ခပ်လျော့လျော့ လက်တစ်စုံပါ
အငိုကြိုက်တဲ့မင်းကို
မျက်ရည်တော့ သုတ်ပေးနိုင်ပါတယ်

မိုးဆိုတာ အမြဲတမ်း မရွာနိုင်သလိုပေါ့
ပေးဆပ်ချင်တဲ့ကောင်က ငါပါ
တစ်ခါတစ်ခါတော့လဲ မင်းကို တမ်းတပြန်တယ်

ကိုယ်ပိုင်လွတ်လပ်ခွင့် တဲ့
မိုးရေထဲလျှောက်သွားတဲ့ ကောင်မလေး
စိုမှာ စိုးတော့ မိုးရလိမ့်မယ်

ဘယ်လိုပေတံနဲ့ တိုင်းကြလို့ ငါတို့ဝေးနေရတာလဲ
သူငယ်ချင်းရယ် . . .
ငါမမြင်နိုင်ပေမယ့် မင်းအမြဲတမ်းပြုံးနေပါ

မိုးချစ်သူ သူငယ်ချင်းက အမှတ်တယ ဖြစ်အောင် ရေးပေးထားတဲ့ ကဗျာလေး တပုဒ်ပါ။ သူ့ကဗျာလေးကို နှစ်သက်မိတဲ့ ကဗျာများလေး ထဲမှာ သိမ်းထားချင်လို့ တင်လိုက်ပါတယ်နော်။


ကောင်မလေး တယောက် မွေးဖွားခြင်း

Posted by moechitthu on Dec 8, 2007

၂၀၀၇မေလဘလော့ဂ်ဆိုတာစ

နိုင်းနိုင်းလင်းလက်အရင်ဖတ်
ဟိုဒီလျောက်သွားဘလော့ဂ်တကာများ
မြန်မာစာမရိုက်တတ်ရေးရန်ခက်
သူများအော်တော့လိုက်အော်ချင်
တရက်တညရိုက်ကျင့်ရင်း
မတောက်တခေါက်ကဗျာတွေလျောက်လျောက်ရေး
ဘယ်မဂ္ဂဇင်းတိုက်မှမရွေး

ခင်မင်တဲ့နေသွေးညိုကူမယ်ပြော
ခပ်နနမို့အလွန်နုံတယ်နော်
ဘလော့ဂ်ဆိုတာဝေးပါသနော်

၂၀၀၇စက်တင်ဘာမျက်လုံးတလုံးနှင့်ခင်မင်လာ
မိုးရေထဲကကောင်မလေးဆိုတာမွေးဖွားလာ
အကုန်လိုက်လုပ်ပေးနေသွေးညိုလေး
ခပ်ဝေးဝေးမို့ဖေးကူပေး

ပထမဆုံးကွန်မန့်ကနိုင်းနိုင်းပါ
မှတ်မှတ်ရရရှိလှတာ
အလွန်ပျော်တဲ့နေ့ရက်များဘာနဲ့မှမလဲနိုင်ပါလား

ကဗျာတင်တော့ဘာမှမဖြစ်
ပို့စ်တွေရှည်တော့ဇောက်ထိုးဖြစ်
မညီမညာစာတန်းများအပူကပ်ခံရသူအလွန်များ
ကယ်တင်ရှင်ကြီးကစိုင်းစိုင်းပါ
ညီညီညာညာလေးဖြစ်သွားတာ

ကဗျာပြီးတော့စာတွေလျောက်ရေး
မှန်မှန်လာပေးတာchaosလေး
ကျန်းမာသုတရေးပါကွာ
မဇင်ကလဲအားပေးတာ
အလည်တခေါက်ရောက်လာမိတ်သဟာများ
အားဆေးနဲ့ကမခြား

ဘန်နာကြီးမှာမိုးရွာပါ
တယ်ရင်းကိုချမ်းမ,စပါ
ဘန်နာပြီးတော့ဆီဘောက်စ်ဖြစ်
မိုးရွာပေးပါကိုအတာရှင့်
မသိနားမလည်ဖြစ်ချင်တယ်
မလုပ်ပေးရင်အပူကပ်မယ်
မိုးချစ်သူတော့ခက်ပါတယ်

သုံးလသားဘလော့ဂ်လေးမှာဝေေ၀ဆာဆာ
သူငယ်ချင်းများကအလွန်များတာ
ဟိုဒီလျောက်သွားမုန့်တွေစား
ငါ့ရဲ့ဒုတိယကမ္ဘာအလား

ပျော်မဆုံးတဲ့ဒီဘလော့ဂ်မှာ
အမှတ်တရများကကုဋေကုဋာ
သိမ်းဆည်းချင်တဲ့နေ့စွဲများ
ငါ့ရင်ဘတ်ထဲထည့်လို့ထား

အခြေအနေပေးသရွေ့ဘလော့ဂ်ဖြစ်မှာ
ဘလော့ဂ်လေးနဲ့တော့မဝေးချင်ပါ
မိ
ုးချစ်သူကဆုတောင်းတာ

မိုးနတ်မင်းရယ်မ,စပါ


အကိုတော်ပီကေ Tag ထားတဲ့ ဘလော့ဂ်အကြောင်းလေးပါ။ ဒီနေ့ အထိ ဘလော့ဂ်လေး ရှင်သန်ဖို့ ၀ိုင်းဝန်းကူညီပေးခဲ့ကြတဲ့ သူများအားလုံးနှင့် အမြဲ လာရောက် အားပေးခဲ့ကြတဲ့ သူငယ်ချင်း မိတ်ဆွေ များအားလုံးကို ကျေးဇူးများကြီး တင်ပါတယ်နော်။ မတောက်တခေါက် ကဗျာလေးကို အကြောင်းအရာ မပျောက်အဆင်ပြေအောင် စပ်ထားတာမို့ ကဗျာလေးထဲမှာ (ကို) (မ) များထည့်မရေးထားခြင်းကို နားလည် ခွင့်လွှတ်ပေးဖို့ တောင်းပန်ပါတယ်နော်။ အချိန်ကုန်ခံပြီး လာဖတ်ပေးကြတဲ့ သူတွေအားလုံးကိုလည်း ကျေးဇူး တင်လျက်………………………………………………………………………….

္လ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္ဘ္လ္လ